နယ်စပ်မြို့
မွန်ဒရာ
ဒီမြို့ကလေးမှာ
ဒီကနေ့
ငါနေထိုင်ပါတယ်။
ဒီမြို့မှာ...
အသစ်စက်စက်အဟောင်းထည်ကို
ထည်လဲဝတ်ရင်း
နောက်ရာစုနှစ်တခုစာ
အရောင်းအဝယ်ဖြစ်နေကြတုန်း
လက်ပြနေသယောင်ယောင်နဲ့
ခေါင်းခါပြသူလဲရှိတယ်
ပုတ်သင်ညိုမှန်သမျှက
ခေါင်းထိုးခံကြတယ်
အဝေးပြေးလမ်းတွေဘယ်လောက်ချဲ့ချဲ့
ကားစီးကြောင်းကစေးပျစ်နေတုန်း
ဒီမြို့ရဲ့နယ်ခြားမျဉ်းနဲ့
တရားဥပဒေဆိုတာ
ရာသီဥတုကိုလိုက်ပြီး
ကျုံ့လို့ရတယ်ကျယ်လို့ရတယ်
ပြီးတော့
ဘာသာစကားမျိုးစုံ
လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုလား...
ငါနားစွန်နားဖျားကြားမိတာပါ။
ဒီမြို့မှာ...
မုတ်သုန်မလာမီ
ငါ့အသိုက်အမြုံအတွက်
ငါ့ပစ္စုပ္ပန်ကိုငါ
အခါခါအန်အန်ထုတ်နေရတာ
ဇီဝဇိုးငှက်ကလေးကတောင်
ငါ့ကိုငေးကြည့်...
ကံကြမ္မာကိုငါမပိုင်သလို
ငါ့ဦးနှောက်နဲ့နှလုံးသားကိုလည်း
ကံကြမ္မာကမပိုင်ပါဘူး
သုညမတိုင်ခင်အနှုတ်တစ်
သုညပြီးတော့အပေါင်းတစ်
အဲဒီလောက်သိရင်တော်ပြီပေါ့
ဒါပေမယ့်
သူတို့က
ပရမတ္တကိုမချစ်တတ်ဘူး။
ဒီမြို့မှာ...
လွမ်းဆွတ်မိပါတယ်
ပေလွယ်စွန်းလွယ်ဆိုပေမယ့်
ဆွတ်ဆွတ်ဖြူပိတ်ကားတစ
ငါဘယ်တော့မှပြန်မရတော့ပါ
ငါ့မြို့ဟောင်းကလေးက
ငါ့ဝိဥာဉ်ကိုအခါခါပူးဝင်လာတဲ့အခါ။
ဒီမြို့မှာမှ
ငါ့နက္ခတ်ကညံ့ခဲ့
ငါ့ရဲ့ကိုယ်ခံအားကညံ့ခဲ့သလို
ငါကိုယ်တိုင်ကလဲညံ့ခဲ့
မုန်းတီးတတ်သူအားလုံးအတွက်
ရင်ကော့ပေးနေလျက်နဲ့
ချစ်ခြင်းဆိုတဲ့ဓားသွားက
ငါ့နောက်ကျောမှာရပ်စောင့်ခဲ့ရက်တယ်
ခေါင်းလားပန်းလားအမေးမှာ
ဒင်္ဂါးပြားက...
ခုထိချာချာလည်နေဆဲ။
ဒီမြို့မှာ...
ပန်းနုရောင်ဖဲကြိုးတွေကို
ငါမချည်နှောင်တတ်တော့ပါ။
မြို့ဝင်မှတ်တမ်းရေးခဲ့ဖို့လိုတယ်တဲ့
ဟုတ်ကဲ့
'အရိပ်စစ်စစ်ကိုပုံဖော်ကြည့်ဖို့
အနည်းဆုံး၂နှစ်ကျင်းစိမ်ပါ ......
Friday, November 9, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment