စက်တင်ဘာတွင်ကျွမ်းလောင်သည်
ဆွတ်ခူးလိုစိတ်နဲ့မဟုတ်ဘူး
နင်းခြေပစ်လိုက်ဖို့လည်းမဟုတ်ဘူး
ကန္တာရဆူးခက်တလင်းထက်
လူသားအားလုံးအတွက်
အရုဏ်ဦးအသစ်စက်စက်တခု
လူသားဆန်ဆန်
စိုက်ပျိုးနေကြခြင်းသာဖြစ်တယ်။
သန်းခေါင်ထက်နက်တဲ့ည
အရှေ့တောင်အာရှ
စိုက်ခင်းတနေရာ
ပျိုးခင်းထဲမှာ
ငြိမ်းချမ်းရေးမျိုးစေ့ကျဲပက်လို့
သူတို့တွေအလင်းပျိုးကြတယ်
သူတို့တွေရွာသွန်းကြတယ်
သူတို့ရဲ့နှလုံးသားကိုသူတို့ကိုယ်တိုင်တူးဆွလို့
သူတို့ကိုယ်သူတို့ထွန်ယက်ပြီး
သူတို့ခြေလှမ်းတိုင်းဟာရှေ့ဆက်ခဲ့။
၂ဝဝ၇
စက်တင်ဘာ၂၇
ကောင်းကင်ဟာရင်ကွဲပက်လက်
ရက်ရက်စက်စက်
ကြယ်နဲ့လပြိုင်တူကြွေချိန်မျိုး
အဲဒီနက္ခတ်ဆိုးမှာ
သူတို့ဟာသစ်ခေါက်ဆိုးသင်္ကန်းကိုစွန့်ခဲ့ပြီး
သူတို့ဟာသံဃာဖြစ်တည်မှုကိုစွန့်ခဲ့ပြီး
သူတို့ဟာစာသင်ခန်းနဲ့လွယ်အိတ်ကိုစွန့်ခဲ့ပြီး
သူတို့ဟာမိသားစုကိုစွန့်ခဲ့ပြီး
သူတို့ဟာလူသားဖြစ်တည်မှုဆိုတာကိုစွန့်ခဲ့ပြီး
သူတို့ဟာသူတို့ကိုယ်ပိုင်ဝိဥာဉ်အပြင်
အမုန်းတရားနဲ့အာဃာတအဲဒီ၂ခုလုံးကိုစွန့်ခဲ့ပြီး
သူတို့ဟာနောက်ထပ်စွန့်လွှတ်စရာဘာတခုမှမကျန်တော့အောင်စွန့်ခဲ့ပြီး
သူတို့ဟာ..............................................
သော့အထပ်ထပ်နောက်ကွယ်က
မနက်ဖြန်တိုင်းရဲ့
တံခါးချပ်ကိုဖွင့်လှစ်ခဲ့တယ်။
ကျန်ရစ်သူ
ပျိုးခင်းကလေးမှာ
လူသတ်လက်နက်မရှိဘူး
မျက်ရည်ယိုဗုံးမရှိဘူး
နံပါတ်တုတ်နဲ့ဒိုင်းကာလဲမရှိပါဘူး
ဒါပေမယ့်
စက်တင်ဘာရဲ့ခြေရာတိုင်းမှာ
ပဲ့တင်ထပ်နေဆဲ
အဲဒီ့သဲသဲကွဲကွဲဆုတောင်းသံ
'ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ'
ဘေးစုံရန်စုံခနေပါလျက်
တွင်းနက်နက်ထဲမှာဆိုပေမယ့်...
တဖွဲဖွဲမစဲသေးသရွေ့
သွေးစက်ပွင့်တွေတမြေ့မြေ့လိမ်းကျံရင်း
သူတို့ချစ်တဲ့
ကမ္ဘာမြေကြီးအတွက်
ဆက်ပြီးစိမ်းလန်းနေခဲ့တယ်။
ဒါဟာ
ဇာတ်သိမ်းခန်းမဟုတ်ပါဘူး
ပစ္စုပ္ပန်ရဲ့နိဒါန်းအသစ်
ချစ်ခြင်းတရားစစ်စစ်နဲ့ငါတို့အားလုံးကျွမ်းလောင်ကြတဲ့ပွဲ...
ဇာတ်ဝင်တေးကခုမှခြေဆင်း
အရုဏ်ဦးကဖူးပွင့်မယ်ဆို
နံနက်ခင်းဆိုတာကချက်ချင်း...
ဗြောင်လိမ်ဗြောင်စားတီးလုံးသံ
ဆွံ့အသွားချိန်မှာ
ကားလိပ်ချသူဟာ
သမိုင်းမျက်နှာစာပေါ်
မားမားမတ်မတ်ရပ်ပြီး
အလင်းညှိပေးနေသူတွေသာဖြစ်ရမယ်။
မွန်ဒရာ
(မြန်မာနိုင်ငံသင်္ကန်းရောင်တော်လှန်ရေးမှာအရာရာစတေးခဲ့ကြသူများကိုဦးညွတ်ဂုဏ်ပြုလျက်)
၂ဝဝ၇၊အောက်တိုဘာ၂၇
Monday, October 29, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment