Thursday, October 25, 2007

အဲဒါလူထုဘဲဟေ့
အရိုးအရင်းကျွေး ကျွေးပြီး
ရပ်ကွက်ထဲကလူတွေကိုမွေးမြူထား
လူထုကိုဖိနှိပ်ဖို့ 
သေနတ်မဲ့
အရပ်ဝတ်နဲ့ လုံးထိန်းတွေဖြစ်လာခဲ့ ။
ကလေကခြေတွေကို
အာဏာပါဝါနဲ့ 
အမိန့် ပေးမွေးမြူထား
လက်ကိုင်တုတ်တွေကိုမွေးမြူထား
လူထုဆန္ဒတွေကို
ဖြိုဖျက်ရမ်းကား ရိုက်နှက်ဖို့ 
သေနတ်မပါတဲ့
အရပ်ဝတ်ပုလိပ်တွေဖြစ်လာခဲ့ ။

ငွေကြေးနဲနဲ
အခွင့်အရေးနဲနဲပေးပြီး
အစေအပါး စစ်ကျွန်အဖြစ်မွေးမြူထား
တိုက်ပွဲဝင်လူထုကို
ဆွဲလွဲအဓမ္မပြုကျင့်ဖို့ 
သတ်ဖြတ်ဖို့ 
လူ့ သိက္ခာကိုဖျက်ဆီးဖို့ 
သေနတ်မပါတဲ့
စစ်ယူနီဖောင်းဝတ်မထား
လူရမ်းကားစစ်သားတွေဖြစ်လာခဲ့ ။

ဖက်ဆစ်မာန်နတ်တွေက
အဘယ်မျှဖန်ဆင်းပါစေ
စေစားပါစေ
သမုဒ္ဒရာခုနှစ်စင်း
ခင်းကျင်းတားဆီးထား ……ချထားစမ်းပါ
လူထုကဖြတ်ကျော်ကူးခတ်သွားလိမ့်မယ် ။

ဖက်ဆစ်မာန်နတ်က
အဘယ်မျှဖန်ဆင်းပါစေ စေစားပါစေ
ဧ၀ရက်တွေ ၊ ဟိမ၀န္တာတွေ ……
အထပ်ထပ် တောင်စဉ်တောင်တန်းများ
ချထားစမ်းပါစေ
ဆူးချွန်ဆူးခက်တောင်တန်း
အသူရာချိုင့်ဝှမ်း ထူပြောတောင်တန်း
ဆီးတားစမ်းပါစေ
လူထုကြီးက ဖြတ်သန်းချီတက်
သူတို့ နောက်ကျောဘက်မှာထားခဲ့လိမ့်မယ် ၊

အရိပ်နဲ့ ရေမရ
သဲကန္တာ ရများချထားအုန်းမလား ချထားစမ်းပါစေ
လူထုစိတ်ဓါတ်က
တံလျှပ်ထဲမှာရေရရှိ
တံလျှပ်အပူထဲမှာ အရိပ်ဖန်တီး
အဲဒီခရီးရှည်ကြီးကိုချီတက်
လွတ်မြောက်သွားကြလိမ့်မယ် ……။

သတ်လို့ မရတဲ့စိတ်ဓါတ်ခွန်အား
တားဆီးချိုးဖဲ့မရ
ခွန်အားသတ္တိဇွဲတွေက
သူတို့ ဘ၀၊ သူတို့ နှလုံးသွေးကြောတွေထဲမှာကြွယ်ဝ
ထက်မြက်ကြ
ထက်မြက်ကြပေါ့ ။ ။

မောင်စိုးချိန်

စက်တင်ဘာ၎ ရက် ၊ ၂၀၀၇ခုနှစ်

No comments: