Saturday, November 10, 2007

ဘယ်သူ့ ကြောင့်

၁။ တဲ အိမ်အိုထဲက မိုးဦးကျညတွေမှာ
စီးယိုနေတဲ့ မိုးရေစက်တွေကြား
အဖေပြန်လာရင်များ စားစရာတခုခုပါမလား
ညီမလေးနှယောက်ရယ်
ကျနော်ရယ် အမေရယ်
အမေ့ မျက်အိမ်မှာ မျက်ရည်စများ
မနက်ဖန်ခါ နောက်ဆုံးထားပြီး
စာအုပ်ဖိုးတွေပေးဘို့ 
အဖေလာရင် ပြောဖြစ်ပါ့မလား
ကျောင်းနေမဲ့ အစား
မိသားစုဝမ်းရေးကို
ကျနော် ကူညီဖြေရှင်းပေးနိုင်ရင် .......


၂။ မှတ်မှတ်သားသား ကျနော် လေးတန်းကျောင်းသားဘဝ
၁၉၉၆ က ကျောင်းသားတွေဆန္ဒပြတာတဲ့
အဲဒီအနား ဒူးယားရောင်းတဲ့ ကျနော်
ဘာတွေဖြစ်ကုန်ပြီလဲ
စစ်ကားအစိမ်းပေါ် ကျနော့် ကိုခေါ်တင်သွားကြ
မင်းက ဆန္ဒပြကျောင်းသားလား .........

ဝိုးတဝါး မြင်ကွင်းက ဟိုဝေးဝေးမှာကျန်ခဲ့သလို
မင်းမပူနဲ့
မင်းမိသားစု စားဝတ်နေရေး
တွေးမပူနဲ့ ၊ ငါတို့ ကြွေးထားပေးမယ်တဲ့ .....
အဲဒီ စစ်သားကြီးရဲ့စကား
ကျနော်ကြားယောင်မိ
ဒီလိုနဲ့ ကျနော် .........
စစ်တပ်ထဲမှာ ကြီးပြင်းခဲ့
ကျနော့် လစာကို အဖေ့ဆီကို လွှဲစာရေးလို့
သတ်နည်း ပုတ်နည်း
ပစ်နည်း ၊ ခတ်နည်းနဲ့ 
မင်းရဲ့ဘဝဆိုတာ ၊ အမိန့်တဲ့
ငါတို့ ခိုင်းတာ ၊ ဘာမဆို မငြင်းရဘူးတဲ့ ။

မင်းအိမ်နဲ့ အဆက်အသွယ်ရတယ်တဲ့
သူတို့  အားလုံး အဆင်ပြေသွားပြီတဲ့
ကျနော့် ညီမလေးတွေလဲကျောင်းနေကြတယ်တဲ့
ဗိုလ်မှူးရဲ့ကျေးဇူးကို မေ့လို့မဖြစ်ပါဘူး .......

ဒါပေမဲ့ .......
အဖေ့ရဲ့စာက ၊ လက်ရေးလှလာသလို .. လို
ဒါတော့ ကျနော်အသေအချာမှတ်မိတယ်
အဖေ့လက်ရေးက တုံးတိတိ ပြတ်ပြတ်သားသား
ဒါဟာ ......
တကယ့် အဖေ့စာလား ။


၃ ။ ဒီနောက် ........
ကျနော်ဟာ
တိုင်းပြည့်အားထား။ ဇာနည်ဘွား
“ရဲညွန့်သားတဲ့လေ”
ကျနော့်ရဲ့ဗိုလ်မှူးလဲ
ရာထူးတက်ခဲ့တယ်တဲ့ ။

အမိန့် .......
ကျနော့်ရဲ့ဘဝဟာ စစ်မိန့်တဲ့
ဟုတ်ကဲ့ ကျနော်အမိန့်ရဲ့သား
သွားဆိုသွား ၊ ပစ်ဆိုပစ်ပဲ
နှစ်ထောင့်ခွန်နှစ် ခုနှစ်
အမိန့်သစ် .......
ရန်သူတွေက မြို့ထဲမှာတဲ့
ကျနော်ရဲ့ဝိဥာဉ် လွင့်စဉ်နေသလို
တခုခုကို ကျနော် သတိတရရှိနေသလိုလို
စိတ်ကူးစရာ အတွေးမရောက်ခဲ့
အဲ ကားပေါ်တက် စစ်ထွက်မယ်တဲ့
အမိန့်  ဒီအမိန့် 
ဖိန့်ဖိန့်တုန်တဲ့ ဒီအသံ။


၎၊ အားပါး ........
သင်္ဃန်းဝါဝါနဲ့ သံဃာတော်တွေ
ကြည်ညိုသူတွေဝန်းကာရံလို့
မြို့ လမ်းမတွေပေါ်မှာ

ဟင် .......
ဒီသံဃာတွေက ၊ ရန်သူဆိုပါ လား
ဝိုးတိုးဝါးတား အာရုံတွေပြားလာခဲ့ပေါ့
ကြားရတဲ့အသံက ဆန့်ကျင်ဘတ်
မေတ္တာတရားနဲ့  အမိန့်  ......
အမိန့် ဟာ အမိန့် စိတ်အဟုန်လွင့်ပြယ်
စိတ်ရဲ့ စွမ်းပကား ပါးလျှချိနဲ့ 
ပစ်ဆိုတဲ့ အမိန့် 
တလှိမ့်လှိမ့် လူလိုင်းတွေကြား
တလှမ်းခြင်းတက် ဆက်တိုးဝင်ခဲ့
ခေါင်းတချက်လှည့် အကြည့်မှာ
ဆုံမိတဲ့ မျက်ဝန်းတစုံကို
မှတ်မိသလိုလို ရင်းနှီးသလိုလိုပါဘဲ
တစိမ့်စိမ့်တွေး ၊ ရေးရေးပေါ်သလားမသိ
သွေးပွက်အိုင်ထဲ လဲနေသူဟာ
ကျနော့် အဖေနဲ့ တူနေ ၊ သလိုလိုပါ


၅၊မှတ်မိပြီ
ကျနော်မှတ်မိပြီ
ဟုတ်တယ် ........
ညညဆို အဖေအိမ်အပြန် နောက်ကျနေကြ
တခါတလေဆို သူ့ မိတ်ဆွေတွေကို အိမ်ခေါ်လာရဲ့
တောက် ခေါက်သံနဲ့အတူ
သူတို့ရှစ်ဆယ်ရှစ်မျိုးဆက်ဆိုလား
တိုးတိုးတိုင်ပင် ရာဇဝင်တွေ ခင်း
ဒင်းတို့ ကို ကမ္ဘာမကျေဘူးဆိုလား၊

ခလုတ်ထိမှ အမိတ သလို
ကျနော့်တို အိမ်ပြန်လည်ခွင့်ပြုပါ ဆရာ .......
ကျနော် အိမ်မပြန်ရတာ ဆယ့်တနှစ်ကြာပြီ ဆရာ ......
ကျနော့် အဖေရဲ့ အိမ်မက်ဆိုးတွေ ခဏခဏမက်တယ် ဆရာ .......
ကျနော့်ကို အိမ်ပြန်ခွင့်ပြုပါ ဆရာ

ကဲ ကဲ ဒီကောင့်ကို ........
ကျနော်.........
ကျနော် နေကောင်းပါတယ် ဗိုလ်မှူး ........
မရတော့ဘူး ဒီကောင်ရူးနေပြီတဲ့

ရှုပ်ပါတယ်ကွာ
ဒီကောင့်ကိုရှင်းပစ်လိုက်တော့
ဒါ .....အမိန့်  ....... ။ ။




ကျော် စွာ အောင်
အောက်တိုဘာ၊၂ဝဝ၇

No comments: