Thursday, November 1, 2007

ရွှေကျင်သမား

နေထွက်ချိန်ဆို
တလှမ်းချင်းလှမ်းလျှောက်လာ
ငါတို့ရှိရာ
ငါတို့ကမ္ဘာသို့
ငါတို့အားလုံးရဲ့အိပ်မက်
ငါတို့ကပိုင်တယ်
ငါတို့ကိုပိုင်တယ်။

ငါတို့ကိုအကောင်းဆုံးမောင်းနှင်အား
ငါတို့ကအကောင်းဆုံးမောင်းနှင်ပြီး
ငါတို့ရဲ့လောင်စာ
မျှော်လင့်ခြင်းဆိုတာ
ဟိုးဝေးဝေးက
သက်တန့်ကြီးကိုလည်း
လေဆန်မှာခွင်းပစ်နိုင်တယ်
ဒါပေမယ့်
လေစုန်ကိုစီးဆင်းသူ
ငါတို့မဟုတ်။

ချစ်ခြင်းမေတ္တာဆိုတာလား
အမုန်းတရားသက်သက်လား
အဖြူထည်စစ်စစ်
ဒါမှမဟုတ်လဲ
ညစ်...ထေး...မဲ...မှောင်
ဥပေက္ခာထက်ထက်သော
ဓားသွားတလက်ပေါ်သို့
ငါတို့ရဲ့မျက်လုံးများ
ငါတို့ရဲ့အသည်းနှလုံးများ
ပစ်တင်ပြီးစတေး
အဲဒီလိုမျိုး
ငါတို့လောင်းကြေးမထပ်လိုပြီ။

တနေဝင်ချိန်
တိမ်ရောင်စုံတွေအိမ်မပြန်ကြဘူး
ပန်းပွင့်အားလုံးကလမ်းပြကြယ်ဖြစ်နေလျက်နဲ့...
သမုဒ္ဒရာတွေခြားတယ်
ငါတို့စစ်ချတယ်...
တောင်တန်းကြီးတွေမကခြားတယ်
ငါတို့စစ်ချတယ်...
အမေ့အိမ်နဲ့အရိပ်စစ်စစ်သီချင်းနှစ်ပုဒ်ခြားတယ်
ငါတို့စစ်ချတယ်...
ရွှေမှုန်ရောင်တဖိတ်ဖိတ်တောက်ပြီဆို
ခေါ်သံတွေပဲ့တင်
ငါတို့ရဲ့ဝိဥာဉ်
ငါတို့ပြန်သိမ်းတယ်
ငါတို့ကိုပြန်သိမ်းတယ်...
နောက်ထပ်
ကောင်းကင်ကြီးကိုမော့ကြည့်တယ်။

မနက်ဖြန်အတွက်က
ငါတို့အားလုံးမော့သောက်နေကျ
မသိသလိုလိုသိနေပြီး
သိသလိုလိုမသိခြင်းမျိုး...
ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
အမှတ်တမဲ့
ငုံ့ကြည့်ဖြစ်မယ်ဆို
ဟောဟို
ဇကာပေါက်တွေအောက်မှာက
ငါတို့ဘဝရဲ့မိုင်တိုင်စတွေ...။
မွန်ဒရာ
(မန္တလေးဂေဇက်သတင်းစာ ဧပြီလ ၂ဝဝ၇ အတွဲ၁အမှတ်၉)
အကြောင်းအမျိုးမျိုးကြောင့်ရေခြားမြေခြားမှာပညာရေး၊စီးပွားရေးအတွက်

ရုန်းကန်နေရသောပြည်ပရောက်မြန်မာများအတွက်ရည်ရွယ်ပါတယ်။

No comments: