Monday, November 26, 2007

၉၂ နှစ်ပြည့်မွေးနေ့ဆီသို့
အမေ့
အသက်၉၂မှာ
ကျန်းမာစေကြောင်း
ကျနော်တို့
ဆုတောင်းမေတ္တာပို့သ
အဝေးကဘဲ ကန်တော့ပါရစေ …..။
ကျနော်တို့ကို
စာပေအမွေအနှစ်ပေး
တသက်လုံးစာရေးခဲ့တဲ့အမေ
သက်တော်ရာကျော်ရှည်ပါစေ …..။
အမေ့ရဲ့စာပေအလင်းနဲ့
ကျနော်တို့မျက်စိနှစ်ကွင်းကိုဖွင့်
ကျနော်တို့ရဲ့သောတအာရုံ
အမေ့အသံကိုနားစွင့်ရင်ခုန်နေဆဲပါအမေ …..။
ခုနေချိန်ခါ
အမေနဲ့ကျနော်တို့ဟာ
မိုင်ထောင်သောင်းရာချီကွာလည်း
ကျနော်တို့ဟာ
အမေ့ရဲ့စာပေအနုပညာနဲ့မကွာဝေး
အမြဲအားပေးလေးစားလျက်ပါအမေ …..။
အမေ ..
အသက်၉၂မှာ
ကျန်းမာစေကြောင်း
ဆုတောင်းမေတ္တာပို့သ
အဝေးကဘဲကန်တော့ပါရစေ အမေ …..။ ။



ဆောင်းယွန်းလ

နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ကျရောက်မည့်လူထုဒေါ်အမာ၏
အသက်၉၂ နှစ်မြောက်မွေးနေ့အားဤကဗျာဖြင့်ကန်တော့လိုက်ပါသည်။
အဝေးတနေရာမှ ……..

.


၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်

အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက်-အရာတော်
တောင်မြင့်
မှောင်နဲ့မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာ လို့။

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ်-
“အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်”ဆိုတာလေ။

ပြက္ခဒိန်စာမျက်နှာတွေ
သက်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားးအမေရယ်။

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ရတီ*
အမေဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ်။

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်”တဲ့။

*၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ။



ဖိုးသံ (လူထု)


*၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ။


Thursday, November 22, 2007

ကာတွန်းစောငို

အလွမ်း မန္တလေး

ပထွေးကို အိမ်ခေါ်တင်တဲ့သား

စားရင်ရူး ဆုပ်တော့စူး

ဗိုလ်ချုပ်ရူးကြီးတို့ မိုက်လိုက်ပုံက

ထီးစ နန်းစ ရာဇပလ္လင်

သံဃာစင်ကိုဖျက်

အမျိုးဖျက် သာသနာဖျက်

တရုပ်လက် ၀ကွက်အပ်လိုက်တဲ့

ငါတို့ရဲ့ မ န္တလေး မျှော်လေတိုင်းဝေးခဲ့ပေါ့ ။

တိုးနယားယဉ်ကျေးမှု

ပြုစားခံရတဲ့ မန္တလာမြေသစ်

ဓားလွတ်ကိုင်ခေတ်က မျိုးဆက်ဟောင်း

မြို့စွန်ကို ပြောင်းကြ

အစပထမရဲ့ ထီးနန်း

ကြာလေလေ အလှမ်းဝေးခဲ့ ။

အိမ်တော်ရာနဲ့  မဟာမြတ်မုနိကိုယ်တော်

စာတော်သင်တိုက် မြို့ ထဲတ၀ိုက်မှာ

ကြာတင့်လို့  ရေမမြင့်တဲ့

ဟော်တယ် မော်တယ် အင်းနဲ့ ဘုံကျောင်း

ရုပ်ပြောင်းတည်ဆောက်

ပြောက်ရပြီပေါ့ ၀တ္တကမြေ

ရွှေပြည်တော် မျော်တိုင်းဝေး ခဲ့ ။

ဘုံကျောင်းဝင် မဟုတ်သူ၊ ကြံ့ဖွတ်မှာ မပါသူ

ဆိုင်ကားသမား၊ မြင်းလှည်းသမား

လက်လုပ်လက်စားများ

ကိုယ့်ထမင်းကိုယ်စား

အလကားလုပ်အားပေးကြရ

အတင်းအဓမ္မ ကမ္ဘာကိုလှုည့်စား

(ကြာလာတော့)

စားဝတ်နေရေး တဖြေးဖြေး ဘ၀ပျက်

မြေကွက်ကလေးကစ၊ ပေါင်နှံ ရောင်းချ

(ဒင်းတို့ ထံ) ၀ကွက်အပ်ပြီး

အနီးကရွာလေးတွေဆီ ပြောင်းပြေးကြရ

ဝေးခဲ့ရပေါ့ ရွှေပြည်တော်ရေ ။

ဆေးလိပ်သမ။ အငြိမ့်သမ

ကာရာအိုကေည

စားဝတ်နေရေး ဖြေရှင်းပေးနေတဲ့ည

(ဒင်းတို့ကို) ဖျော်ဖြေရ

တစ တစနဲ့ အသိမ်းခံကြရ

မျိုးဆက်သစ်တွေ ငိုတဲ့ည

လွမ်းတသ မှန်းဆလို့  ရင်လေး ခဲ့ ။

ဘ၀တွေရဲ့  ည …….

စတေးခဲ့ရတဲ့ ည …….

အမျိုးသားရေးရဲ့  ည ……

လွတ်မြောက်ရေးရဲ့  ည ……

ဇာတိမာန်ရဲ့  ည ……

သရပါ တခါးက ထွက်ခဲ့တဲ့ ည ……

ခရီးဆက်တဲ့ ည ……

နေညိုရီ အမှီ

ရွှေပြည်တော်ဆီ မျှော်တိုင်းဝေးခဲ့ ။

ကျော် စွာ အောင် ။နိုဝင်ဘာ ၂၀၀၇ ခုနှစ်

လူထုဒေါ်အမာ(၉၂)နှစ်ပြည့်မွေးနေ့အတွက်ရည်စူးဂုဏ်ပြုစပ်ဆိုပါသည်။

Saturday, November 17, 2007

ကာတွန်းစောငို၏လက်ရာသစ်



မနက်ဖြန်မှ အားပေးပါရစေ
(မြန်မာပြည်တွင်းမှ အဓမ္မစေခိုင်း
ခံနေရသူ ပြည်သူလူထု
တရပ်လုံးအား ရည်ရွယ်လျက်)


• နေရာကောင်းတခုမှာ
အိုးအိမ်အတည်တကျနဲ့
အခြေချဖို့
သူမ အမြဲပြောတတ်တဲ့စကား
ဒီဘ၀ ဒီမျှနဲ့ ရောင့်ရဲလိုက်ပါတော့လို့
ကျနော့်ရဲ့ နှစ်သိမ့်စကား
ကျနော်တို့နှစ်ယောက်ကြားမှာ
ခါးသက်နေကြရိုးအမှန် . . .။

• ဒီနေ့တော့
အလုပ်ကလေး ပြီးအောင်
လုပ်ဖို့အတွေး
အဓမ္မထောက်ခံပွဲကြီးက ၀င်ဖျက်ဆီး
ငွေလေးရအောင် ကြံလိုက်ဦးမယ်ဆိုတဲ့အတွေး
လုပ်အားပေးရမယ်ဆိုတဲ့ သတင်းစကားအရောက်
ကျုပ်တို့နှစ်ယောက်
ရေသောက် ဗိုက်မှောက်ကြရဦးမှာပေါ့
ရှင်မရေ မင်းမျက်နှာ မသာယာလည်း
မနက်ဖြန်မှချော့တော့မယ်. . .။

• ထမင်းဝိုင်းထဲက
ဟင်းခွက်ဗလာ
တယောက်မျက်နှာ တယောက်ကြည့်စရာမလို
အလိုလို သိနေကြပြီးသား
တို့ နေ့စဉ်
နှစ်ပါးသွားနေကြတာပဲလေ . . .။

• ဟိုဒင်းဟိုဟာ ရန်ပုံငွေရှာဖို့တဲ့
သူမပိုင် ဖိုးဖွားအမွေ နားကပ်ကလေး
နားနှစ်ဖက်ပေါ်က
ထွက်ပြေးခဲ့တာလည်း ကြာပြီ. . .။

• သူမ မြင်ချင်လှတဲ့
သားတွေရဲ့ ရှင်ပြုပွဲ
အကို အားခဲပြီးကြိုးစားပါ့မယ်လို့
ကျနော်က အားပေးလိုက်တိုင်း
သူမ မျက်ရည်ဝိုင်းတာမြင်ရ
ကျနော့်ရင်ထဲမှာလည်း မချိလှပါဘူးလေ. . .။

• ဗလာစာအုပ် မ၀ယ်နိုင်လို့
ကျောင်းမတက်ရတဲ့
သားနဲ့သမီးတွေအဖြစ်
ကျနော့်ကို အပြစ်ဖို့နေသယောင်
မှောင်မည်းမည်း တဲငယ်ထဲ
မစွဲတစွဲ ရေနံဆီမီးခွက်အောက်
ဝမ်းလျားမှောက်ရင်း စာကျက်ရတဲ့
သားနဲ့သမီးတွေရဲ့ ဘဝ
အနာဂတ် လှနိုင်ပါ့မလား . . .။

• မရဲတရဲ စဉ်းစားမိ
သူတို့တတွေနဲ့ အကြည့်ချင်းဆုံ
အလိုလိုရင်ခုန်မိသူက ကျနော်
သူမ မျက်နှာပေါ်က ချိနဲ့နဲ့အပြုံး
ကျနော့်နှလုံးသားမှာ ဒဏ်ရာတွေဖြစ်. . .။

• မပူပင် မကြောင့်ကြ
တောင့်တခဲ့တဲ့ ကားတ၀ီဝီ
တီဗွီထိုင်ကြည့်ရမယ့်ဘဝ
အိပ်မက်ထဲကျမှပဲ ပျော်ရအောင်. . .။

• ဘ၀ဆိုတာ တို့အတွက်မဟုတ်
တို့တတွေက ဘ၀ရဲ့ သားကောင်လို့
သတ်မှတ်ပြန်ရင်လည်း
သူမ အားငယ်ရှာပေမပေါ့ . . .။

• ဒီတော့ ကျနော်မညာချင်ဘဲ
ညာခဲ့ရတဲ့ နေ့တွေတိုင်း
သူမ မျက်ရည်ဝိုင်းခဲ့ရပါပကော. . .
ခေတ်ကြီးက ရှေ့ ပြေး
ခပ်နှေးနှေးလိုက်သူက ကျနော်
ကုန်ဈေးနှုန်းတွေနဲ့
စိန်ပြေးတမ်းကစားရင်း
လက်ပမ်းကျခဲ့ရ
ဒီဘ၀ ဒီမျှနဲ့မပြီးခင်. . .
လုပ်အားပေး ပေါ်တာ
အဓမ္မထောက်ခံပွဲတွေနဲ့
လုံးချာလည်းရင်း
အိမ်ပြန်နောက်ကျတတ်တဲ့ ကျနော်
အိမ်ဝက မျှော်နေတတ်သူ
သမီး သားမယားတွေအတွက်
မနက်ဖြန်မှ အားပေးပါရစေ. . .။ ။


ဆောင်းယွန်းလ

Wednesday, November 14, 2007

Dialogue သို့ ရင်ဝှက်စကား

ဒီ အချိန် မှာ . . .

ခပ် ကြောင် ကြောင် အတွေး အခေါ်တွေ

သူ ယူ လာ ခဲ့ ရင်

ချစ် တု န်း မုန်း စကား နဲ့

ပြတ် ပြတ် သား သား ဆန့် ကျ င်ပါ ။

ဒီ အ ချိ န် မှာ . . .

ထွေ ရာ လေး ပါး မင်း အ နား လာ ပြီး

ကြောင့် ကြ မှု့  တွေ ပေး ခဲ့ ရင်

လွတ် မြောက်ရေး တ ခါး ဝ

တို့  သွေး စ တွေ ပြ လိုက် ပါ ။

ဒီ အ ချိ န် မှာ . . .

သူ . . .

ငါ . . .

မင်း . . .

ချစ် ခြင်း ခွဲ သင့် ပြီ ။

ရန် တုန့်ရန် ကြွ င်း

လက် တုန့်နှ င်း ဘို့  . . .

တို့ သွေး အထပ် ထပ် ပေး ဆပ် ခဲ့ တာ

မ မေ့ လိုက်ပါ နဲ့  . . .

မ 'လျှော့ ' လို က်ပါ နဲ့  . . . ။

ကျော် စွာ အောင် ၊

October 2007

.

Monday, November 12, 2007

နောက်ဆုံးပေါ် ရောဂါ


ဒီရောဂါဟာ
ကုရာနတ္ထိ ဆေးမရှိ။

ဒီရောဂါဟာ
မြန်မာပြည်ကလွဲလို့
ကမ္ဘာမှာ မရှိသေးဘူး။

ဒီရောဂါဟာ
လွှတ်ထားရင်
ကမ်းကုန်အောင် ရက်စက်တယ်။

ဒါပေမယ့်
ဒီရောဂါမှာ
လူတွေကို ကြောက်တဲ့ရောဂါ
ဝင်နေတာ ကြာပြီ။

ဒီရောဂါဟာ
ကြောက်ကန်ကန်ပြီး
မြင်မြင်ရာ အကြမ်းဖက်တော့တာပဲ။

ကျနော်တို့
ဒီရောဂါမရဖို့
သေနတ်ပြောင်းတွေကို
ကွန်ဒုံးစွပ်မှ ဖြစ်တော့မယ်။ ။



အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

Saturday, November 10, 2007

ဘယ်သူ့ ကြောင့်

၁။ တဲ အိမ်အိုထဲက မိုးဦးကျညတွေမှာ
စီးယိုနေတဲ့ မိုးရေစက်တွေကြား
အဖေပြန်လာရင်များ စားစရာတခုခုပါမလား
ညီမလေးနှယောက်ရယ်
ကျနော်ရယ် အမေရယ်
အမေ့ မျက်အိမ်မှာ မျက်ရည်စများ
မနက်ဖန်ခါ နောက်ဆုံးထားပြီး
စာအုပ်ဖိုးတွေပေးဘို့ 
အဖေလာရင် ပြောဖြစ်ပါ့မလား
ကျောင်းနေမဲ့ အစား
မိသားစုဝမ်းရေးကို
ကျနော် ကူညီဖြေရှင်းပေးနိုင်ရင် .......


၂။ မှတ်မှတ်သားသား ကျနော် လေးတန်းကျောင်းသားဘဝ
၁၉၉၆ က ကျောင်းသားတွေဆန္ဒပြတာတဲ့
အဲဒီအနား ဒူးယားရောင်းတဲ့ ကျနော်
ဘာတွေဖြစ်ကုန်ပြီလဲ
စစ်ကားအစိမ်းပေါ် ကျနော့် ကိုခေါ်တင်သွားကြ
မင်းက ဆန္ဒပြကျောင်းသားလား .........

ဝိုးတဝါး မြင်ကွင်းက ဟိုဝေးဝေးမှာကျန်ခဲ့သလို
မင်းမပူနဲ့
မင်းမိသားစု စားဝတ်နေရေး
တွေးမပူနဲ့ ၊ ငါတို့ ကြွေးထားပေးမယ်တဲ့ .....
အဲဒီ စစ်သားကြီးရဲ့စကား
ကျနော်ကြားယောင်မိ
ဒီလိုနဲ့ ကျနော် .........
စစ်တပ်ထဲမှာ ကြီးပြင်းခဲ့
ကျနော့် လစာကို အဖေ့ဆီကို လွှဲစာရေးလို့
သတ်နည်း ပုတ်နည်း
ပစ်နည်း ၊ ခတ်နည်းနဲ့ 
မင်းရဲ့ဘဝဆိုတာ ၊ အမိန့်တဲ့
ငါတို့ ခိုင်းတာ ၊ ဘာမဆို မငြင်းရဘူးတဲ့ ။

မင်းအိမ်နဲ့ အဆက်အသွယ်ရတယ်တဲ့
သူတို့  အားလုံး အဆင်ပြေသွားပြီတဲ့
ကျနော့် ညီမလေးတွေလဲကျောင်းနေကြတယ်တဲ့
ဗိုလ်မှူးရဲ့ကျေးဇူးကို မေ့လို့မဖြစ်ပါဘူး .......

ဒါပေမဲ့ .......
အဖေ့ရဲ့စာက ၊ လက်ရေးလှလာသလို .. လို
ဒါတော့ ကျနော်အသေအချာမှတ်မိတယ်
အဖေ့လက်ရေးက တုံးတိတိ ပြတ်ပြတ်သားသား
ဒါဟာ ......
တကယ့် အဖေ့စာလား ။


၃ ။ ဒီနောက် ........
ကျနော်ဟာ
တိုင်းပြည့်အားထား။ ဇာနည်ဘွား
“ရဲညွန့်သားတဲ့လေ”
ကျနော့်ရဲ့ဗိုလ်မှူးလဲ
ရာထူးတက်ခဲ့တယ်တဲ့ ။

အမိန့် .......
ကျနော့်ရဲ့ဘဝဟာ စစ်မိန့်တဲ့
ဟုတ်ကဲ့ ကျနော်အမိန့်ရဲ့သား
သွားဆိုသွား ၊ ပစ်ဆိုပစ်ပဲ
နှစ်ထောင့်ခွန်နှစ် ခုနှစ်
အမိန့်သစ် .......
ရန်သူတွေက မြို့ထဲမှာတဲ့
ကျနော်ရဲ့ဝိဥာဉ် လွင့်စဉ်နေသလို
တခုခုကို ကျနော် သတိတရရှိနေသလိုလို
စိတ်ကူးစရာ အတွေးမရောက်ခဲ့
အဲ ကားပေါ်တက် စစ်ထွက်မယ်တဲ့
အမိန့်  ဒီအမိန့် 
ဖိန့်ဖိန့်တုန်တဲ့ ဒီအသံ။


၎၊ အားပါး ........
သင်္ဃန်းဝါဝါနဲ့ သံဃာတော်တွေ
ကြည်ညိုသူတွေဝန်းကာရံလို့
မြို့ လမ်းမတွေပေါ်မှာ

ဟင် .......
ဒီသံဃာတွေက ၊ ရန်သူဆိုပါ လား
ဝိုးတိုးဝါးတား အာရုံတွေပြားလာခဲ့ပေါ့
ကြားရတဲ့အသံက ဆန့်ကျင်ဘတ်
မေတ္တာတရားနဲ့  အမိန့်  ......
အမိန့် ဟာ အမိန့် စိတ်အဟုန်လွင့်ပြယ်
စိတ်ရဲ့ စွမ်းပကား ပါးလျှချိနဲ့ 
ပစ်ဆိုတဲ့ အမိန့် 
တလှိမ့်လှိမ့် လူလိုင်းတွေကြား
တလှမ်းခြင်းတက် ဆက်တိုးဝင်ခဲ့
ခေါင်းတချက်လှည့် အကြည့်မှာ
ဆုံမိတဲ့ မျက်ဝန်းတစုံကို
မှတ်မိသလိုလို ရင်းနှီးသလိုလိုပါဘဲ
တစိမ့်စိမ့်တွေး ၊ ရေးရေးပေါ်သလားမသိ
သွေးပွက်အိုင်ထဲ လဲနေသူဟာ
ကျနော့် အဖေနဲ့ တူနေ ၊ သလိုလိုပါ


၅၊မှတ်မိပြီ
ကျနော်မှတ်မိပြီ
ဟုတ်တယ် ........
ညညဆို အဖေအိမ်အပြန် နောက်ကျနေကြ
တခါတလေဆို သူ့ မိတ်ဆွေတွေကို အိမ်ခေါ်လာရဲ့
တောက် ခေါက်သံနဲ့အတူ
သူတို့ရှစ်ဆယ်ရှစ်မျိုးဆက်ဆိုလား
တိုးတိုးတိုင်ပင် ရာဇဝင်တွေ ခင်း
ဒင်းတို့ ကို ကမ္ဘာမကျေဘူးဆိုလား၊

ခလုတ်ထိမှ အမိတ သလို
ကျနော့်တို အိမ်ပြန်လည်ခွင့်ပြုပါ ဆရာ .......
ကျနော် အိမ်မပြန်ရတာ ဆယ့်တနှစ်ကြာပြီ ဆရာ ......
ကျနော့် အဖေရဲ့ အိမ်မက်ဆိုးတွေ ခဏခဏမက်တယ် ဆရာ .......
ကျနော့်ကို အိမ်ပြန်ခွင့်ပြုပါ ဆရာ

ကဲ ကဲ ဒီကောင့်ကို ........
ကျနော်.........
ကျနော် နေကောင်းပါတယ် ဗိုလ်မှူး ........
မရတော့ဘူး ဒီကောင်ရူးနေပြီတဲ့

ရှုပ်ပါတယ်ကွာ
ဒီကောင့်ကိုရှင်းပစ်လိုက်တော့
ဒါ .....အမိန့်  ....... ။ ။




ကျော် စွာ အောင်
အောက်တိုဘာ၊၂ဝဝ၇

Friday, November 9, 2007

ကာတွန်းစောငို၏လက်ရာသစ်..

နယ်စပ်မြို့
မွန်ဒရာ


ဒီမြို့ကလေးမှာ
ဒီကနေ့
ငါနေထိုင်ပါတယ်။


ဒီမြို့မှာ...
အသစ်စက်စက်အဟောင်းထည်ကို
ထည်လဲဝတ်ရင်း
နောက်ရာစုနှစ်တခုစာ
အရောင်းအဝယ်ဖြစ်နေကြတုန်း
လက်ပြနေသယောင်ယောင်နဲ့
ခေါင်းခါပြသူလဲရှိတယ်
ပုတ်သင်ညိုမှန်သမျှက
ခေါင်းထိုးခံကြတယ်
အဝေးပြေးလမ်းတွေဘယ်လောက်ချဲ့ချဲ့
ကားစီးကြောင်းကစေးပျစ်နေတုန်း
ဒီမြို့ရဲ့နယ်ခြားမျဉ်းနဲ့
တရားဥပဒေဆိုတာ
ရာသီဥတုကိုလိုက်ပြီး
ကျုံ့လို့ရတယ်ကျယ်လို့ရတယ်
ပြီးတော့
ဘာသာစကားမျိုးစုံ
လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုလား...
ငါနားစွန်နားဖျားကြားမိတာပါ။


ဒီမြို့မှာ...
မုတ်သုန်မလာမီ
ငါ့အသိုက်အမြုံအတွက်
ငါ့ပစ္စုပ္ပန်ကိုငါ
အခါခါအန်အန်ထုတ်နေရတာ
ဇီဝဇိုးငှက်ကလေးကတောင်
ငါ့ကိုငေးကြည့်...
ကံကြမ္မာကိုငါမပိုင်သလို
ငါ့ဦးနှောက်နဲ့နှလုံးသားကိုလည်း
ကံကြမ္မာကမပိုင်ပါဘူး
သုညမတိုင်ခင်အနှုတ်တစ်
သုညပြီးတော့အပေါင်းတစ်
အဲဒီလောက်သိရင်တော်ပြီပေါ့
ဒါပေမယ့်
သူတို့က
ပရမတ္တကိုမချစ်တတ်ဘူး။


ဒီမြို့မှာ...
လွမ်းဆွတ်မိပါတယ်
ပေလွယ်စွန်းလွယ်ဆိုပေမယ့်
ဆွတ်ဆွတ်ဖြူပိတ်ကားတစ
ငါဘယ်တော့မှပြန်မရတော့ပါ
ငါ့မြို့ဟောင်းကလေးက
ငါ့ဝိဥာဉ်ကိုအခါခါပူးဝင်လာတဲ့အခါ။

ဒီမြို့မှာမှ
ငါ့နက္ခတ်ကညံ့ခဲ့
ငါ့ရဲ့ကိုယ်ခံအားကညံ့ခဲ့သလို
ငါကိုယ်တိုင်ကလဲညံ့ခဲ့
မုန်းတီးတတ်သူအားလုံးအတွက်
ရင်ကော့ပေးနေလျက်နဲ့
ချစ်ခြင်းဆိုတဲ့ဓားသွားက
ငါ့နောက်ကျောမှာရပ်စောင့်ခဲ့ရက်တယ်
ခေါင်းလားပန်းလားအမေးမှာ
ဒင်္ဂါးပြားက...
ခုထိချာချာလည်နေဆဲ။

ဒီမြို့မှာ...
ပန်းနုရောင်ဖဲကြိုးတွေကို
ငါမချည်နှောင်တတ်တော့ပါ။
မြို့ဝင်မှတ်တမ်းရေးခဲ့ဖို့လိုတယ်တဲ့
ဟုတ်ကဲ့
'အရိပ်စစ်စစ်ကိုပုံဖော်ကြည့်ဖို့
အနည်းဆုံး၂နှစ်ကျင်းစိမ်ပါ ......

Thursday, November 8, 2007

အမှောင်လွှမ်းသွားတဲ့ဆန္ဒ

တွန့်ခနဲ ထိတ်သွားတဲ့

ငါ့ရဲ့ ……ယိုင်နဲ့ …….နေမဲ့စိတ်တစုံ

အိမ်ပြန်ဖို့်ကျင့်သားမကျသေးတဲ့

လိပ်ပြာလေးတို့ရေ

ငါတို့ရဲ့

ပြဌာန်းချက်သင်ရိုးမကုန်ဆုံးခင်ထိ

လမ်းမဆုံးသေးတဲ့…….. ခရီးတခုထဲမှာ

သင်တို့နဲ့ငါဟာ

မိတ်ဆွေတဖြစ်လည်းပေါ့ ။

လက်ကနဲ လင်းနေတဲ့

အလင်းနဲ့ …….မလင်းမဲ့ …….ရောင်စဉ်တတန်း

ပြန်သာဖို့ အခွင့်အရေးမရသေးတဲ့

လမင်းကလေးရေ

မင်းရဲ့

အလင်းသက် သက်တမ်းမကုန်ဆုံးခင်ထိ

ရင်ခုန်တတ်သေးတဲ့ ………အသက်မဲ့နေသူများဟာ

မင်းရဲ့အလင်းမှာ

အိပ်မောကျ ခံစားလိုကြပေါ့ ။

မျက်လုံးတချက်အမှိတ်

ဆုတောင်းပေးချိန်မရဘဲ

ကြွေကြွေကျရတဲ့

ကြယ်လေးတွေ

စင်္ကြာဝဋ္ဌာကြီးကို

လွန်ဆန်ရခက်နေကြေးဆို

မလန့်နိုးဖို့ဆုတောင်းထားတဲ့

အိမ်မက်ထဲမှာ

ငါ …….

အဲဒီစင်္ကြာဝဋ္ဌာကြီးရဲ့မျက်နှာစာကို

မီးတင်ရှို့  ……..

ငိုနေတဲ့ကြယ်ကလေးတွေကို

တို့ ဥပေက္ခာ မပြုကြ သေးခင်ထိပေါ့ ။

တခါတလေ

ငါ့အတွေးအခေါ်တွေက

ချောက်ကမ်းပါးထဲပြုတ်ပြုတ်ကျ

ဥပေက္ခာကိုစွဲကိုင်မရတဲ့အခါတိုင်းမှာ

အလင်းရောင်မလာခင်

အမှောင်ဘ၀ခဏထဲက

လမင်းကို

မလင်းစေလို

မသာစေလိုတော့ ။

အဂ္ဂ

နိုဝင်ဘာ ၈ ၊၂၀၀၇

Tuesday, November 6, 2007

လူမိုက်တို့ ရဲ့ သွားရာလမ်း

သာသနာကိုဖျက်
သံဃာ နဲ့ပြည်သူကို ရက်ရက် စက်စက် သတ်နေတဲ့ ၊
ဗိုလ်သန်းရွှေ နဲ့  မိ စ္ဆာ တစုရဲ့ 
အကုသိုလ် ဒုစရိုက် ၊
မင်းတို့ ထိုက်နဲ့  မင်းတို့ ကံ
ခံဘို့ သာပြင်ထား ။

ကာယကံမြောက်အပြစ်လွန်ကျူး
ယစ်မူးတဲ့စည်းစိမ် ၊
ဇီဝိန်ချုပ်ချိန်နီးနေတာ မင်းသတိမရ
အသိတရားမရှိ - မင်းပြစ်မှားမိတာ
ဘုရားသားတော်တွေ ၊
သွေးမြေကျ ။ အသက်ပေးခဲ့ရ ။

မင်းတို့ ပြုသမျှ အကုသိုလ် ၊
ဝံပလွေလိုလို မြေခွေးလိုလို စစ်ဗိုလ်တစု
ခုမြေ မြို ချင်မြို မှာ တကယ်မလွဲ
သေချာတာကတော့ အပါယ်ငရဲ ။

မျိုးချစ် ဘတူ

Thursday, November 1, 2007

ရွှေကျင်သမား

နေထွက်ချိန်ဆို
တလှမ်းချင်းလှမ်းလျှောက်လာ
ငါတို့ရှိရာ
ငါတို့ကမ္ဘာသို့
ငါတို့အားလုံးရဲ့အိပ်မက်
ငါတို့ကပိုင်တယ်
ငါတို့ကိုပိုင်တယ်။

ငါတို့ကိုအကောင်းဆုံးမောင်းနှင်အား
ငါတို့ကအကောင်းဆုံးမောင်းနှင်ပြီး
ငါတို့ရဲ့လောင်စာ
မျှော်လင့်ခြင်းဆိုတာ
ဟိုးဝေးဝေးက
သက်တန့်ကြီးကိုလည်း
လေဆန်မှာခွင်းပစ်နိုင်တယ်
ဒါပေမယ့်
လေစုန်ကိုစီးဆင်းသူ
ငါတို့မဟုတ်။

ချစ်ခြင်းမေတ္တာဆိုတာလား
အမုန်းတရားသက်သက်လား
အဖြူထည်စစ်စစ်
ဒါမှမဟုတ်လဲ
ညစ်...ထေး...မဲ...မှောင်
ဥပေက္ခာထက်ထက်သော
ဓားသွားတလက်ပေါ်သို့
ငါတို့ရဲ့မျက်လုံးများ
ငါတို့ရဲ့အသည်းနှလုံးများ
ပစ်တင်ပြီးစတေး
အဲဒီလိုမျိုး
ငါတို့လောင်းကြေးမထပ်လိုပြီ။

တနေဝင်ချိန်
တိမ်ရောင်စုံတွေအိမ်မပြန်ကြဘူး
ပန်းပွင့်အားလုံးကလမ်းပြကြယ်ဖြစ်နေလျက်နဲ့...
သမုဒ္ဒရာတွေခြားတယ်
ငါတို့စစ်ချတယ်...
တောင်တန်းကြီးတွေမကခြားတယ်
ငါတို့စစ်ချတယ်...
အမေ့အိမ်နဲ့အရိပ်စစ်စစ်သီချင်းနှစ်ပုဒ်ခြားတယ်
ငါတို့စစ်ချတယ်...
ရွှေမှုန်ရောင်တဖိတ်ဖိတ်တောက်ပြီဆို
ခေါ်သံတွေပဲ့တင်
ငါတို့ရဲ့ဝိဥာဉ်
ငါတို့ပြန်သိမ်းတယ်
ငါတို့ကိုပြန်သိမ်းတယ်...
နောက်ထပ်
ကောင်းကင်ကြီးကိုမော့ကြည့်တယ်။

မနက်ဖြန်အတွက်က
ငါတို့အားလုံးမော့သောက်နေကျ
မသိသလိုလိုသိနေပြီး
သိသလိုလိုမသိခြင်းမျိုး...
ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
အမှတ်တမဲ့
ငုံ့ကြည့်ဖြစ်မယ်ဆို
ဟောဟို
ဇကာပေါက်တွေအောက်မှာက
ငါတို့ဘဝရဲ့မိုင်တိုင်စတွေ...။
မွန်ဒရာ
(မန္တလေးဂေဇက်သတင်းစာ ဧပြီလ ၂ဝဝ၇ အတွဲ၁အမှတ်၉)
အကြောင်းအမျိုးမျိုးကြောင့်ရေခြားမြေခြားမှာပညာရေး၊စီးပွားရေးအတွက်

ရုန်းကန်နေရသောပြည်ပရောက်မြန်မာများအတွက်ရည်ရွယ်ပါတယ်။